မြန်မာစကားတော်တော်များများမှာ တော်တော်ခေါင်းရှုပ်ဖို့ကောင်းသည်။ မျက်နှာပျက်ခြင်းမှာ အလှပျက်ခြင်းမဟုတ်၊ မျက်နှာရသူသည် တကယ်မျက်နှာမရ။ မျက်နှာကြီးသူသည် ခေါင်းကြီးချင်မှကြီးမည်ဖြစ်ပြီး မျက်နှာမွဲများသည် အသားဖြူသူများလည်း ဖြစ်နိုင်သည်။ အစိမ်းလိုက် စားရသောအရာများသည် အစိမ်းရောင် ဟုတ်ချင်မှ ဟုတ်မည်။ အရောင်များ ပေါင်း၍ အနံ့ (စိမ်းရွှေရွှေ) ဖြစ်နိုင်ပြီး အသံကို လည်း (အသံဝါ အသံပြာ စသဖြင့်) အရောင်ချယ်ကြသည်။ လူစိမ်းသည် အစိမ်းေ၇ာင်လူမဟုတ်။ စိမ်းကားမှုသည် အရောင်နှင့်မဆိုင်။ အထီး အမ တွင်ပါဝင်သော အမ သည် အကို၊အမ တွင်ပါသော အမ နှင့် မတူ။ အပြာကားသည် ကားအပြာမဟုတ် အပြာရောင်ပါသော ဇတ်ကားလဲ ဖြစ်ချင်မှဖြစ်မည်။ အခြောက်သည် စိုထိုင်းမှု ကုန်ခန်းသွားသော ယောက်ကျားဟုတ်မည်မထင်။ အပျော်အပါးလိုက်စားခြင်း နှင့် ပျော်ပွဲစားထွက်ခြင်း မတူ။ နားလည်ရခက်သော မြန်မာစာနှင့် မြန်မာစကားလုံးများပင်။
အင်း.. ကုလား ဆိုသော စကားလုံး.. ကူးလာဖြူ ကူးလာမဲ ကနေ ကုလားဖြူ၊ ကုလားမဲ အဖြစ်ပြောင်းသွားသည်ဟုတော့ ပြောကြသည်။ ပင်လယ်ကို ကူး၍ လာသော ကူးလာ ဆိုသော စကားမှ ကုလား ဖြစ်သွားသည်ဆိုလျှင် လေယဉ်စီး၍ လာရောက်အခြေချသူများကို ပျံလာ မှ ပျလား ဟု ဘာလို့မခေါ်လည်း မသိ။
အသားမဲသော အာဖရိကန် လူမျိုးများကို နစ်ဂါ သို့မဟုတ် နီဂရိုး ဟုခေါ်လျှင် အများစုမှာ ခေါ်သူကို ထသတ်ချင်လောက်အောင် စိတ်ဆိုးကြသည်။ မိမိကို အဆင့်အတန်း နှိမ်၍ ခေါ်ခြင်းဟု ထင်သောကြောင့်ဖြစ်မည် ထင်သည်။ တော်တော်များများက နီဂရိုးများကို နစ်ဂါ (သို့) နီဂရိုးဟု မခေါ်ကြတော့ပေ (နီဂရိုး အများစုက ရိုင်းသည်ဟု ခံစားရခြင်းကို) တဖြည်းဖြည်း နားလည်မှုပေးလာကြသည်။ အမေရိကန်နိုင်ငံမှာပင် အမေရိကန်ရှိ လူမည်းများကို အာဖရိကန်-အမေရိကန်ဟု ခေါ်ကြ(ရေးကြ၊ သုံးနှုံးကြ)သည်။ ထိုခဲ့သို့ အပြန်အလှန် နာလည်လေးစားမှုမျိုးရရန် လူမည်းများ တော်တော်ကြိုးစားခဲ့ကြရသည်။
မြန်မာလူမျိုးတို့ ခေါ်သော ကုလားသည် နစ်ဂါ လို စကားလုံးမျိုး ဖြစ်ပါက အင်ဒီးယန်းတွေကို အိန္ဒိယလူမျိုးဟုသာ ခေါ်သင့်သည်ဟု ထင်သည်။ ဆိုလိုသည်မှာ ကုလားဟု ခေါ်ခံရသူအများစုသည် နစ်ဂါဟု အခေါ်ခံရသည့် အာဖရိကန်-အမေရိကန်များ ခံစားရသည့် ခံစားချက်နည်းတူ ခံစားရပါက ထိုသို့ မခေါ်သင့်ပေ။ ဒါကတော့ ယဉ်ကျေးသူများ လိုက်နာသင့်သော အချက်ဟု ထင်သည်။ တရုပ်ကို ကျတော့ ဘာလို့ တရုပ်လို့ ခေါ်သည်မသိ။
အရင်တပတ်က ဟစ်တလာအကြောင်း documentary ကြည့်ဖြစ်သည်။ဟစ်တလာ သည် ဂျာမန်အများစုအား ဂျူးလူမျိုးများအပေါ် မုန်းတီးမှုကို အခြေခံ၍ စည်းလုံးစေခဲ့သည်။ ပြသနာအားလုံးကို ဟုတ်ဟုတ်မဟုတ်ဟုတ် ဂျူးအပေါ်သို့ ပုံချခဲ့သည်။ ဂျူးများအသွင်ဆောင်၍ မကောင်းမှုများလုပ်ခါ ဂျူးများအပေါ် မြင်သော ဂျာမန်တို့၏အမြင်ကို ပို၍ ဆိုးရွားစေခဲ့သည်။ ပထမကမ္ဘာစစ်အပြီး ကွန်မြူနစ်၊ ဆိုရှယ်လစ် ၊ ဒီမိုကရေစီ၊ အစရှိသဖြင့် ဝါဒအမျိုးစုံကွဲနေသော ဂျာမန်များက မည်သည့်ဝါဒ မည်သို့ပင်ကွဲနေစေကာမူ အများစုသည် ဂျူးကိုမုန်းရာတွင်တော့ ညှိစရာမလိုပဲ တူကြသည်။ ဟစ်တလာက ထိုအချက်ကို နင်း၍ ဂျာမန်တို့၏ စည်းလုံးမှု ပြန်ယူသည်။ အစပိုင်းတွင် ဂျူးတို့ မကောင်းကြောင်း၊ ဂျူးမုန်းတီးရေး ဝါဒဖြန့်သည်။ ထို့နောက် ဂျူးနှင့် ဂျာမန် အဓိကရုန်းများ လုပ်သည်။ ဂျူးပိုင်သော စီးပွားရေးများ ၊ ဆိုင်ခန်းများ ကို ဂျာမန်များက ဒုက္ခလိုက်ပေးသည်။ ဂျူးဆိုင်တွင် မဝယ်ခိုင်း၊ ဂျာမန်ဆိုင်တွင် ဝယ်ခိုင်းသည်။ နောက်ပိုင်း ဆိုးသထက် ဆိုးလာတော့သည်။
ဂျူးများအားလုံး ကောင်းသည်ဟု ကျနော်မဆိုလိုပါ။ သို့သော် ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် အသတ်ခံရသော ဂျူးများတွင် အပစ်မဲ့ သူဂျူးများ(ခလေးငယ်များ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကောင်းရာကောင်းကြောင်း လုပ်စားသူများ) ပါဝင်ကြသည်။ ဂျာမန်စစ်သားများက ဂျူးကို လူဟုမသတ်မှတ်ကြတော့ပဲ ရက်ရက်စက်စက် အကြင်နာမဲ့ အစုလိုက် အပြုံလိုက် သတ်ကြသည်။ နစ်ဂါဟု အခေါ်ခံရသော အာဖရိကန်-အမေရိကန် လူမည်းများသည်လည်း နေရာတိုင်းတွင် အနှိမ်ခံရသည်။ စောစောပိုင်းက အမေရိကန် လူဖြူများ၏ အမြင်တွင် နစ်ဂါကို သူခိုး၊ ဒါးမြ၊ မုဒိန်းကောင်၊ မကောင်းမှုများ အစုံလုပ်သူ၊ စိတ်ထားမကောင်းသည့် နိမ့်ကျသော သတ္တဝါသဖွယ် ရိုက်သွင်းခံထားရသည်။ လူမည်းများလည်း နေရာတိုင်း ဒုက္ခပေးခံခဲ့၇သည်။ ယခုအခါ သမ္မတသည်ပင် အာဖရိကန်-အမေရိကန် ဖြစ်နေပြီ။
ယခုအချိန်တွင် မြန်မာလူမျိုးတော်တော်များများက မွတ်စလင် = ကုလား ဟု ထင်မြင်ကြသည် (ထို့သို့လည်း ပြောဆိုကြသည်)။ မွတ်စလင်မ်တိုင်း ကုလားမဟုတ်၊ ကုလားတိုင်းလည်း မွတ်စလင်မ် မဟုတ်နိုင် သလို အစ္စလမ်ဘာသာ သည် ကုလားဘာသာ မဟုတ်ပေ။ ဗုဒ္ဓဘာသာဝင် မြန်မာစစ်စစ် တစ်ယောက်က အစ္စလာမ်ဘာသာဝင် ဖြစ်သွားရင် ကုလားဖြစ်သွားသည်လော စဉ်းစားရ အတော်ကျပ်သည်။ သူကုလားဖြစ်သွားပြီဆိုသော စကားကို ကြားဘူးသည်။ ဗမာဖြစ်သွားပြီဆိုသော ကုလားများကိုလည်း မြင်ဘူးသည်။
သေခြာတာကတော့ မြန်မာနိုင်ငံတွင် မွတ်စလင်မ်နှင့် ဗုဒ္ဓဘာသာဝင်များကြား အဓိကရုန်းဖြစ်လို့ ကုလားတွေကို ရိုက်ကြဟေ့ဟုဆိုလျှင် ကုလားဆိုပြီး မိမိကိုယ်ကိုယ် ဂုဏ်ယူသူကော၊ ကုလားဆိုပြီး သိမ်ငယ်နေသူကော၊ ကုလားသွေး တဝက်ပါသူကော၊ ကုလားသွေး တစိတ်ပါသူကော၊ ကုလားမဟုတ်ပဲ ကုလားဘာသာ ကိုးကွယ်တယ်ဆိုပြီး အလိုလိုနေရင်း ကုလားဖြစ်သွားရတာကော၊ အသားဖြူသူ ကုလားကော၊ အသားမဲသူ ကုလားကော၊ အသည်းရောင်အသားဝါဖြစ်၍ အသားဝါနေသူ ကုလားကော၊၊ ကုလားခေါင်းစဉ်အောက် ထည့်သွင်းခံရသူများ အကုန်ပါဘို့ရှိသည်။ အိန္ဒိယလူမျိုး ဟိန္ဒူများသည်လည်း ကုလားခေါ်ခံလူများထဲတွင်ပါသည်၊ သို့သော် သူတို့နှင့် အစ္စလမ်ဘာသာဝင်များ မတူသည်က၊ မြန်မာနိုင်ငံရှိ ဟိန္ဒူဘုရားကျောင်း တော်တော်များများတွင် ဗုဒ္ဓဆင်းတုရုပ် ထားရှိကြသည်။ ငါတို့ကိုးကွယ်တဲ့အထဲမှာ မင်းတို့ကိုးကွယ်တာလည်း ပါတယ်ဆိုတာမျိုးနှင့် ဘာသာရေး လူမျိုးရေး ပြသနာကို ရှောင်သည်။ ဘုရားဆို တပါးပဲ သစ္စာရှိစွာ ကိုးကွယ်ရသော မွတ်စလင်မ်များက ထိုသို့ ရောချ၍ မရပေ။
မြန်မာလူမျိုးများက နေရာအများစုတွင် ရည်ညွှန်းသည့် ဒီ “ကုလား” ဆိုသော စကားလုံးသည် လူမျိုးတစ်မျိုးကို ကိုယ်စားပြုပြီး ရိုးသားစွာ ခေါ်ခြင်းလော (ဥပမာ အန္ဒိယအနွယ်ဝင်များသည် ကုလားများဖြစ်ကြသည် ဟု ဆိုလိုခြင်းလော).. သမီးပေးလိုသူ ယောက္ခမ၏ လေးစား ကျင်နာသော အမြင်ဖြင့် ဟဲ့ကုလားလေးဟု ချစ်စနိုး ခေါ်ခြင်းလော၊ နှမပေးလိုသူ သူငယ်ချင်း၏ ချစ်ခင် ရင်းနှိးစွာ ဟေ့ရောင် ကုလား ဟု ခေါ်ခြင်းလော၊ လေးစား၍ ခေါ်သော “ဆရာ” တို့ “ဘော့စ်” တို့လို အဓိပ္ပယ် သက်ရောက်သလော.. ဒီလိုဆိုလျှင် လွန်စွာကောင်းပါ၏။
သို့မဟုတ်ပဲ ဂျာမန်များ၏ ဂျူးကို မြင်သော အမြင်ဖြင့် ခေါ်ဆိုခြင်းမျိုး၊ လူမည်းမုန်းသူ အမေရိကန် လူဖြူများ၏ နှိမ်ချ၍ခေါ်သော နစ်ဂါ လိုစကားလုံးမျိုး ဆိုလျှင် ကုလားအခေါ်ခံရသူများအတွက် အလားအလာမကောင်း.. ထိုလေဘယ် တပ်ခံရသူများထဲမှ မွတ်စလင်မ် များအတွက် အလားအလာမှာမူ ပို၍ပင် ဆိုးပြီးရင်း ဆိုးလေတော့သည်သာ။

“ဟာကွာ.. ဒီပုရွက်ဆိတ်တွေ နဲနဲအချိုလေးရှိတာနဲ့ မရဘူး၊ အကုန်လုံးကို spray ဖြန်းပြီး ရှင်းပြစ်ရမယ်”
ပုရွက်ဆိတ် အမဲတွေက ပြောသည်။
“အဲဒါ ဟို အနီကောင်တွေပေါ့၊ အားအားရှိ သွားသွားစားနေတာ နောက်ပြီး သူတို့က လူကိုလည်း ကိုက်တယ်၊ ငါတို့က သူတို့လို မကိုက်တတ်ဘူး၊ ငါတို့ ကိုက်ရင်လည်း နာမှမနာပဲ၊ ငါတို့တွေက အေးဆေးနေတဲ့ ကောင်တွေ ၊ ဒီအနီကောင်တွေကိုက မဟုတ်တာကိုး။ အမုန်းခံကောင်တွေ၊၊ ဒီကောင်တွေ ရှင်းသွားတော့ အေးတာပေါ့”
ပုရွက်ဆိတ်အနီများကလည်း ပြောကြပြန်သည်။
“အဲဒါ ဟိုအမဲကောင်တွေနဲ့ အကောင်ကြီးကြီး ကောင်တွေကို ပြောတာဟ၊ မင်းတို့အေးဆေးနေကြ၊ ငါတို့က သေးသေးကွေးကွေးဆိုတော့ သူတို့သတိထားမိမှာမဟုတ်ဘူး၊ နောက် ငါတို့က ပြန်ကိုက်တတ်တော့ သူတို့တွေကြောက်ကြတယ်။”
အကောင်ကြီးကြီး ခါခြင် ကောင်များက ပြောပြန်သည်။
“ဟားဟားဟား ပုရွက်ဆိတ်တွေတော့ သေတော့မယ်၊ ငါတို့က ခါခြင်၊ သူပြောတဲ့အထဲမှာ ငါတို့မပါဘူး အေးဆေးနေ၊ လွတ်တယ်”
နောက်နေ့တွင် ချစ်ဦးအိမ်မှ ပုရွက်ဆိတ် အနီကော၊ အဖြူကော၊ ခါခြင်တွေကော ချစ်ဦးဖြန်းသည့် spray များအောက်တွင် မရှုမလှ.. ..
ကျနော်၏ အမြင်နှင့် ခံစားမိသမျှသက်သက်သာ.
[ကိုယ်တိုင်ရေးချင်းမဟုတ်ပါ၊ မိတ်ဆွေတစ်ယောက် ရေးထားသော ပိုစ်ကို နှစ်သက်သဖြင့် ပြန်လည်မျှဝေပါသည်။]